စာပေလောကတွင် ယေဘုယျအားဖြင့် စာပေကို နှစ်မျိုး ခွဲခြားထားပါသည်။ တမျိုးမှာ ရသ စာပေဖြစ်၍ တမျိုးကား သုတစာပေ ဖြစ်ပါသည်။ ရသစာပေသည်
စာဖတ်သူတို့အား
ဝမ်းမြောက်ခြင်း၊ သနားခြင်း အားတတ်ခြင်း စသည့် ရသ အတွေ့အကြုံကိုပေးသော
စာပေ ဖြစ်ပါသည်။ သုတစာပေ မှာမူ စာဖတ်ပရိတ်သတ်အား ပညာဗဟုသုတကို ပေးသော စာပေ
ဖြစ်ပါသည်။
ရသစာပေတွင် စာရေးဆရာသည် သူသိသော၊ သူခံစားမိသော အကြောင်းအရာတို့ကို အခြေ
ခံပြု၍ သူ့စေတနာကို အဓိကထားသော သူ့စိတ်ကူးဉာဏ်တည်းဟူသော ဆေးရောင်စုံဖြင့်
ရေးခြယ် ပါသည်။ ထိုအခါ စာဖတ်သူသည် စာရေးဆရာ၏ စိတ်ကူးဉာဏ်တန်ခိုးကြောင့်
ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ အားတတ်ခြင်း၊ ရဲရင့်ခြင်း၊ အံ့သြခြင်း၊
ချစ်ခင်မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ ခြင်းတည်းဟူသော
ရသ အတွေ့အကြုံကို ရရှိပါသည်။ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ပုံပြင် စသည်တို့သည်
ရသစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။
သုတစာပေတွင်မူ စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု
သုတတို့ကို သူသိသည့်အတိုင်း တင်ပြပါသည်။ ထိုအခါ စာဖတ်သူသည်
အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိပါသည်။
ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်း စသည်တို့သည် သုတစာပေတွင်
အကျုံးဝင်သည်ဟု ဆိုရပါမည်။ ထို့ပြင် ဗဟုသုတကို တင်ပြလိုသည့်
ရည်ရွယ်ချက်ဖြင့်ရေးသော ပညာပေး ကဗျာများသည်လည်း သုတစာပေတွင် ပါဝင်သည်ဟု
ဆိုရ ပါမည်။ သုတစာပေကိုရေးရာ၌ တခါတရံ စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော
ဗဟုသုတတို့ကို စာဖတ်သူတို့ လက်ခံချင်လာအောင် သူ့စေတနာနှောလျက်
ဖျောင်းဖျသွေးဆောင်၍ ရေးတတ်သည်လည်း ရှိပါသည်။ ထိုအခါ စာဖတ်သူသည် ပညာဗဟုသုတ
ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရပါသည်။ ထိုစာမျိုးကို သုတစာပေ၌
ထည့်သွင်းနိုင်သည် ဆိုသော်လည်း ရသသဘော နှောနေသဖြင့် ပညာရှင်အချို့က သုတ
ရသစာပေဟု ဆိုကြပါသည်။
.....အောင်မျိုး.....
No comments:
Post a Comment